Friday 29 August 2014



မိုး

ခြိမ်းနေရုံနဲ့ 

ဘယ်ပန်းမှ ပွင့်လန်းမလာနိုင်ပါဘူး....

ရွာသွန်းပေးမှ

တကယ်လန်းဆန်းနိုင်တာပါ......။

အချစ်

မျှော်လင့်နေရရုံနဲ့ 

ဘယ်နှလုံးသားမှ မရှင်သန်နိုင်ပါဘူး....

လက်တွဲခွင့်ရမှ

ထာဝရ ရှင်သန်နိုင်တာပါ.....။


Saturday 5 April 2014

သွားတက်ကလေး

သွားတက်ကလေး

ခေါင်းကိုငုံ့ လျက်၊ အနေခက်လျှင်
အရှက်ပြေလေး ပြုံးသူခင်။

ပြုံးတော့တသွယ်  ရယ်တော့ ခစ်ခစ်
စံပယ်နှစ်လို  တင်ပြစ်မစက်
မောင့်ညိုညက်လျှက်
သွားတက်ကလေး  ပေါ်လာမြဲ ။

မောင့်ကိုခွဲလျက် စွန့် ပစ်ထွက်မှ
သွားတက်ကလေး  မောင့်အတွေးဝယ်
ဘီလူးစွယ်လား  ထင်ယောင်မှားမိ
ရင်ကြားပွင့်ဦး  မေတ္တာဖူးကို
ခူးဆွတ်ဖျက်ခြွေ  စားသုံးနေကျ
ဘီလူးမလျှင်  ဘဝပြောင်းကူး
မောင့်ချစ်ဦးကို
ပူးဝင်တွယ်ငြိနေသလား...။

          မောင်စိန်ဝင်း(ပုတီးကုန်း)



Friday 14 March 2014

ကဝေပျို သို့ ----

ကဝေပျို သို့ ----

ငါပေးခဲ့ တဲ့  အချစ်တွေ
မလိုချင်တဲ့နင့်အတွက် အမုန်းဖြစ်ခဲ့ ပေမယ့်
နင်ပေးခဲ့ တဲ့  အမုန်းတွေဟာ
ငါ့အတွက် အချစ်တွေပါ -------

ငါပေးခဲ့ တဲ့  ကြင်နာခြင်းတွေ
မသာယာတဲ့နင့်အတွက် နာကြင်ခြင်းဖြစ်ခဲ့ ပေမယ့်
နင်ပေးခဲ့တဲ့ နာကြင်ခြင်းတွေဟာ
ငါ့ အတွက် ကြင်နာခြင်းတွေပါ-----

ငါပေးခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
မခုံမင်တဲ့နင့်အတွက် ကြေကွဲခြင်းဖြစ်ခဲ့ပေမယ့်
နင်ပေးခဲ့တဲ့ ကြေကွဲခြင်းတွေဟာ
ငါ့အတွက် ပျော်ရွှင်ခြင်းတွပါ----

အပြုံးနဲ့ မဟုတ်
အမုန်းနဲ့  ပြုစားတယ်
ကြင်နာခြင်းနဲ့  မဟုတ်
နာကြင်ခြင်းနဲ့  ကြိုဆိုတယ်
မာယာနဲ့  မဟုတ်
ရက်စက်ခြင်းတွေ နဲ့ ဖမ်းစားနိုင်ခဲ့တဲ့
ကဝေပျိုရေ
ဒီကမ္ဘာမှာအရက်စက်ဆုံးလူက နင်ဆိုရင်
ခံနိုင်ရည်ရှိဆုံးလူဟာ ငါဖြစ်ချင်လို့ ပါ
ပြန်လာခဲ့ပါ---

တစ်လောကလုံးရဲ့  အပြူံးတွေထက်
နင့်ရဲ့ အမုန်းကိုတွယ်တာလွန်းလို့ ပါ
ပြန်လာခဲ့ပါ-----

တစ်လောကလုံးရဲ့  နှစ်သိမ့်မှု့ တွေထက်
ရက်စက်ခံမျက်ဝန်းတွေနဲ့  နင့်မျက်နှာလေး
ငေးမောခွင့်ကို ငါခုံမင်လွန်းလို့ ပါ----
ပြန်လာခဲ့ပါ ကဝေပျို

ငါမငိုတတ်သလို နေပေမယ့် 
ငါ့ကဗျာတွေ ကြေကွဲလွန်းလို့ ပါ
ပြန်လာခဲ့ပါ ကဝေပျိုရယ်--------
ပြန်လာခဲ့ပါ---------။

***k-ko***

Sunday 9 March 2014

အတောင်ပံငယ်

``````တစ်ဖက်တည်းသော တောင်ပံတစ်စုံ````````

မာယာထိုထို ရွာမလိုလိုနဲ့ 

အကြင်နာမဲ့ညှင်း မိုးမာန်တင်းတော့ 

တောင်တန်းပြာတွေ ငိုခဲ့ တယ်....

ကြင်နာပိုပို ရင်မှာခိုမလို

တွယ်နှောင်ရစ်ငင် ဆောင်းသခင်ရယ်

တကယ်မကြင် တမင်ရက်စက်

နှင်းဖြု ဝတ်မှုံ လွှမ်းခြုံလာတော့ 

ချယ်ရီတွေလည်း ငိုခဲ့ တယ်....

ရင်မှအချစ် ကြင်နာစစ်ကို

ခွန်းခြွေမေတ္တာ သိသောခါဝယ်

ကြင်နာရည်စူး အချစ်ဦးမှာ

မကြင်နာလို ရင်မှာခိုဖို့ 

ငြင်ငြိုလေတော့ 

ဒီမောင်ရင်မှာ ငိုရတယ်...

ဝဿ လွန်မြောက် ဟေမာန်ရောက်တော့ 

တောင်းတန်းပြာတွေ ငိုတိတ်တယ်..

ဟေမာန်လွန်မြောက် ဂိန်မာန်ရောက်တော့ 

ချယ်ရီတွေလည်း ငိုတိတ်တယ်..

ရာသီ၊နာရီ ခါခါလီလည်း

မပြောင်းသံဇဉ် စည်းချက်ဝင်တဲ့ 

လွမ်းသံဇဉ်တွေ နှိပ်စက်နေလည်း

ဝိညဉ်ခန္ဒာ ပျောက်ဆုံးကာမှ

ဒီမောင်ရင်မှာ ငိုတိတ်မယ်.....။

***k-ko***